မူဆယ်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ကျင်းပ

မူဆယ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို မူဆယ်မြို့ မိုးလုံလေလုံ အားကစားခန်းမတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မူဆယ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ ပထမဦးစွာ လှယဉ်ကျေးမယ်အဖွဲ့များမှ တစ်ဦးချင်းကိုယ်ဟန်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ကာယဗလမောင်များမှ ဝိတ်တန်းများခွဲ၍ တစ်ဦးချင်းယှဉ်ပြိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် ကာယဗလမယ်များမှ တစ်ဦးချင်းနှင့်အဖွဲ့လိုက် ကိုယ်ကာယအလှကြံ့ခိုင်မှုကို ပြသယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် စတုတ္ထနှင့် ပဉ္စမဆုရရှိသူများအား ဆုကြေးငွေ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့် ဆုကြေးငွေ၊ ပထမဆု ရရှိသူအား ဆုကြေးငွေ၊ သရဖူ၊ စလွယ်နှင့် ဆုတံဆိပ်တို့အား လည်းကောင်း၊ ကာယဗလမောင်ပြိုင်ပွဲ ဝိတ်တန်းအသီးသီးတွင် စတုတ္ထနှင့် ပဉ္စမဆုရရှိသူများအား ဆုကြေးငွေ၊ တတိယဆု ဒုတိယနှင့် ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ဆုကြေးငွေမျာားအား လည်းကောင်း၊ ကာယဗလမယ်ပြိုင်ပွဲတွင် စတုတ္ထနှင့် ပဉ္စမဆုရရှိသူများအား ဆုကြေးငွေ၊ တတိယဆု၊ ဒုတိယနှင့် ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ဆုကြေးငွေများအား ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)