မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ် ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်တက္ကသိုလ် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကျန်းမာကြံ့ခိုင်သော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေးအတွက် ကျင်းပလျက်ရှိသော ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၁၃)ရက် နေ့လယ်ပိုင်းက တက္ကသိုလ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲ၌ မီတာ(၁၀၀/ ၂၀၀/ ၄၀၀/၈၀၀/၁၅၀၀) အပြေးပြိုင်ပွဲများ၊ မီတာ(၁၀၀)/ မီတာ(၄၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲများကို ဒီဇင်ဘာ(၁၂)ရက်နှင့်(၁၃)ရက် ကျင်းပခဲ့ရာ ဘာသာရပ်ဌာနအသီးသီးမှ ပြေးခုန်ပစ်အားကစားသမား(၁၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။  

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတလျှောက် တာဝန်ယူဆောင်ရွက်ပေးသောဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်၊ ပြေးခုန်ပစ်ပြိုင်ပွဲ ပြိုင်ပွဲအမျိုးအစားအလိုက် တတိယ၊ ဒုတိယနှင့် ပထမဆုရရှိကြသော အားကစားသမားများအား လည်ဆွဲဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲတွင်အမှတ်အများဆုံးဖြင့် တံခွန်စိုက်ဆုဖလားရရှိသော ရူပဗေဒအသင်းအား မြိတ်တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိက တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)