တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင် အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲနှင့်မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ထားဝယ်  ဒီဇင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလအထိမ်းအမှတ် အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲနှင့် မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က မြန်မာလူမျိုးများ၏ ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့သိုင်းပညာရပ်ကို တိုင်းဒေသကြီးအတွင်း တိုးတက်ပြန့်ပွားလာစေရန်၊ ထိုမှတစ်ဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများသို့ စနစ်တကျ နည်းစနစ်မှန်ကန်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစား သမားကောင်းပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး မြန်မာ့သိုင်းသင်တန်းနှင့်သင်တန်းဆင်းမြန်မာ့သိုင်းပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးလုပ်ငန်းများကို ရေတိုရေရှည် စီမံချက်များရေးဆွဲချမှတ်၍ မြန်မာ့အားကစားမှကမ္ဘာ့အားကစားသို့ဟူသော ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့အားကစား အဆင့်အတန်း ပြန်လည်မြင့်မားလာစေရေးနှင့်အားကစားဖြင့် နိုင်ငံ့ဂုဏ် ကိုမြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွဲ၊ လုံ့လ၊ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက် သောမျိုးဆက်သစ် အားကစားသမားလူငယ်များစဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့်သင်တန်းက ရရှိလာမည့် အခြေခံနည်းစနစ်နှင့်ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်ပညာရပ်များ ဆက်လက်ဆည်းပူးလေ့လာရင်း အောင်မြင်မှုကို အခြေခံသည့် စိတ်ဓါတ်၊ စည်းကမ်း၊စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်း၊ စံနှုန်း စသည့်"စ"(၇)လုံးဆောင်ကာ တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက် ကြိုးစားသွားကြရန်လို အပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး နည်းပြဆရာများအား ဂုဏ်ပြုလက်မှတ်ပေးအပ်သည်။

ဆက်လက်၍ သင်တန်းသား၊ ကျောင်းသူအသင်း၉)သင်းက  အခြေခံဗန်တို(၆၃) မောင်းနည်းပညာကျင့်စဉ်၏ ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင်အဖွဲ့များ စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

ယင်းနောက်သင်တန်းသား၊ ကျောင်းသူများက မြန်မာ့သိုင်းစွမ်းရည်များအား သရုပ်ပြသခဲ့ကြပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ပထမဆုရရှိသည့် ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ မောင်ဟိန်းထက်အောင်နှင့်အဖွဲ့အားလည်းကောင်း၊ ဒုတိယဆုရရှိသည့် ထားဝယ်ပညာရေး ဒီဂရီကောလိပ်မှ မသန္တာလင်းနှင့်အဖွဲ့အားလည်းကောင်း၊ တတိယဆုရရှိသည့် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများအဖွဲ့အားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)