ဂန့်ဂေါမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဂန့်ဂေါ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ဒေသခံပြည်သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးရာတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ထားရှိရန်လိုအပ်သော မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ မီးသတ်လှေကားနှင့် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန်၊ စက်သုံးဆီများကို စနစ်တကျသုံးစွဲရန်၊ လူနေအိမ်၊ ရုံးဌာနအဆောက်အဦများတွင် အသုံးပြုနေသည့် လျှပ်စစ်မီးသွယ်တန်းမှုများ စစ်ဆေးရန်၊ လိုအပ်ပါက အသစ်များလဲလှယ်ရန်၊ လျှပ်စစ်ဖြင့် အသုံးပြုသည့်ပစ္စည်းများကို မီးလောင်မှုမဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ ဆက်သွယ်ရမည့်လိပ်စာများအား မှတ်သားထားရှိရန်နှင့် ပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ကြသည်။                    

ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် အများပြည်သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များသို့ အပတ်စဉ် လှည့်လည်နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

မောင်မျိုးမင်း