ညောင်ရွှေ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ (၃)နာရီက ညောင်ရွှေမြို့နယ် ပေါရိသတ်ကျေးရွာရှိ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ညောင်ရွှေ - ရွှေညောင်ကားလမ်း (၂/၃-၃/၃.၅ မိုင်=၁/၀.၅ မိုင်) နှစ်စဉ်ရေကျော်မှုဖြစ်ပွားလေ့ရှိသည့်နေရာ လမ်းတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်လမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးရဲလင်းနှင့် တာဝန်ရှိသူများက လမ်းတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၈ ပေအကျယ် ဒုမြေအခြေခံလွှာခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အရည်အသွေးကောင်းမွန်စေရေးတို့ကို လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် နဒီကန်ဘောင်ဘေး လမ်းတာဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ