မင်းဘူး ဒီဇင်ဘာ ၁၅
မြူနှင်းတို့ လုံးထွေးသတ်ပုတ်သည့်အကြား ရောင်စုံသစ်ရွက်တို့ ကြွေကျရလေ့ရှိသော နွေရာသီတွင် အညာမြေ မကွေးတိုင်းဒေသကြီးအနောက်ခြမ်း ရခိုင်ရိုးမ၏ အရှေ့ဖျားတောင်စွယ်အခြေ မန်းချောင်း ရစ်ခွေထားပြီး ပတ်ပတ်လည်တောင်တန်းများ ကာရံထားသည့် အညာအငွေ့အသက်နှင့် စမ်းရေစီးသံတို့ ညံစီကာ လူသားများစွာကို မြှူဆွယ်နေခြင်းနှင့် မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာနှစ်ဆူ တည်ရှိနေခြင်းက ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ဘုရားဖူးမြော်လိုမှုကို ပိုမိုဆွဲဆောင်နေသည်။ သစ္စဗန္ဓတောင်တော်ပေါ်တွင် တည်ရှိသော အထက်စက်တော်ရာနှင့် တောင်အခြေမန်းချောင်း ထိပ်တွင် တည်ရှိသော အောက်စက်တော်ရာတို့ကြောင့် မန်းရွှေစက်တော်ဟု ခေါ်တွင်လေ့ရှိကြသည်။
ထိုဘုရားပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ရှည်ကျင်းပလေ့ရှိပြီး၊ ပွဲတော်ဖွင့်ပွဲနေ့တွင် အောက်ခြေတော်ရာကို စတင်ဖွင့်လှစ်အပူဇော်ခံလေ့ရှိသည်။ အောက်ခြေတော်ရာသည် မန်းချောင်း၏ ဝဲဘက်ချောင်းကမ်းနဖူးတွင် တည်ရှိသောကြောင့် မိုးရာသီတွင် နှစ်စဉ်နီးပါး ခြေတော်ရာပေါ်သို့ ချောင်းရေများ ဖုံးလွှမ်းလေ့ရှိသည်။
ထို့ကြောင့် နှစ်ဆန်း ၁ ရက်နေ့ ပွဲတော်ပိတ်ပွဲနှင့်အတူ အောက်ခြေတော်ရာအား သံအုပ်ဆောင်းဖြင့် ဖုံးအုပ် ထားသော်လည်း ၂၀၁၅ ခုနှစ်မှစ၍ အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် အစားထိုးဖုံးအုပ်ခဲ့သည်။ ဖန်အုပ်ဆောင်းဖြင့် အစားထိုးရသည့် ရည်ရွယ်ချက်မှာ ပွဲတော်ချိန်ပြင်ပမှ လာရောက်သော ဘုရားဖူးများအနေဖြင့် ခြေတော်ရာအား ဖူးမြော်နိုင်ရန်ဖြစ်သည်။ ရွှေစက်တော်ဘုရားသည် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း တည်ရှိပြီး ငဖဲမြို့နှင့် အနီးဆုံးဖြစ်သည်။
ထိုပွဲတော်သို့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ရှမ်းပြည်နယ်တို့မှ လာရောက်ကြသူများက မကွေးမြို့မှ ဧရာဝတီတံတား (မကွေး) ကိုဖြတ်၍ မင်းဘူးမြို့မှတစ်ဆင့် သွားရောက်ကြသလို ဧရာဝတီတိုင်း မှ လာရောက်ကြသူအချို့က ပုသိမ်-မုံရွာကားလမ်းမှတစ်ဆင့် လာရောက်လေ့ရှိကြသည်။
မန်းရွှေစက်တော်ဘုရားသည် အပူပိုင်းဇုန်ထဲတွင် ကျရောက်နေသော်လည်း တောတောင်ရေမြေသဘာ၀အလှအပတွေကို တွေ့မြင်ခံစားရပြီး မန်းချောင်းထဲမှာ ရေချိုးရတာက အပန်းပြေပြီး စိတ်ကြည်နူးရသလို ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောထဲမှာ ကမ္ဘာမှာတောင် ရှားပါးစာရင်းဝင်ဖြစ်နေတဲ့ ရွှေသမင်တွေ၊ ကြယ်လိပ်တွေ၊ ကျေးငှက်သာရကာတွေ ရှိနေတော့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်ကြည့်ရှုလေ့လာကြရသည်အထိ စည်ကားလှပြီး တစ်နှစ်လျှင် ဘုရားဖူးဧည့်သည် ၄ သိန်း၊ ၅ သိန်း ဝန်းကျင်ခန့်ရှိသည်။
ရွှေစက်တော်ဘေးမဲ့တောသည် မင်းဘူး၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူ မြို့နယ်လေးခု ထိစပ်ပါဝင်နေပြီး ကမ္ဘာ့ရှားပါးစာရင်းဝင် ရွှေသမင်၊ ကြယ်လိပ်၊ စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်စသည့် ငှက်များပါ ရှင်သန်ကျက်စားလျက်ရှိရာ ပွဲတော်ရက်အတွင်း အောက်ခြေတော်ရာအနီးမှ သစ်တောဦးစီးဌာနက ရွှေသမင်နှင့် ကြယ်လိပ်များကို နှစ်စဉ်ပြခန်းဖြင့် ပြသထားလေ့ရှိသည်။ ရပ်ဝေးမှ လာရောက်သည့် ဘုရားဖူးအများစုက တစ်ဆက်တစ်စပ်တည်းဖြစ်သော မကွေးမြသလွန်စေတီ၊ မင်းဘူးမြို့မှ နဂါးပွက်တောင်၊ စက္ကတဲဘုရား၊ စကုမြို့ ထေရ်ကြီးဘရားနှင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာဘုရားများသို့လည်း သွားရောက် ဖူးမြော်လေ့ ရှိကြသည်။
ရွှေစက်တော်ပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ လာရောက်လေ့ရှိကြသည်နှင့်အမျှ ထိုသူတို့ကို မှီခို၍ ဈေးရောင်း၊ ဈေးဝယ်များလည်း ရှိကြသည်။ ထိုပွဲတော်သို့ လာရောက်ကြသူများတွင် ဆယ့်နှစ်ပွဲ ဈေးသည်များသာမက မကွေး၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များအတွင်းမှ ကျေးရွာများကပါ လာရောက် ရောင်းချလေ့ရှိကြသဖြင့် ဘုရားပွဲတော်သည် စည်ကားလှပြီး တပေါင်းလ အခြေခံပညာစာသင်ကျောင်းများ ပိတ်ချိန်တွင် ဘုရားဖူးများဖြင့် အလွန်စည်ကားလှသည်။
ပေါက်နှင့် လက်ပံတို့က ရဲရဲတောက်ပွင့်ရန် အားပျိုးနေချိန်တွင် သစ်ပင်အများစုက ရင့်ရော်စ ရွက်ဖတ်များကို သူတို့ခန္ဓာမှ ခွာချနေကြပြီ ဖြစ်သော ဆောင်းအကုန် နွေအကူး နွေရာသီအငွေ့အသက်များ ထုံမွမ်းလာချိန်တွင် အနောက်ရိုးမ၏ အရှေ့ဖျားဆုံး တောင်စွယ်တောင်တန်းများနှင့် မန်းချောင်းအနီးမှ တောတောင်ရေမြေသဘာဝအလှအပများက ဆွဲဆောင်မှုအားကောင်းခြင်းထက် မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာနှစ်ဆူဖြစ်သော မန်းစက်တော်ရာနှစ်ဆူအား ဦးခိုက်ဖူးမြော်ရခြင်းက ရင်အစုံ၏ အေးမြလွှမ်းခြုံမှုကို ရယူလိုခြင်းဖြင့် မန်းစက်တော်ရာဘုရားသို့ အလည်တစ်ခေါက် လာရောက်ဖူးမြော်ချင်ပါတော့သည်။
ဇေယျာနိုင်(ရွှေကန်မြေ)