ကျောက်ဆည်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က ကျောက်ဆည်မြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်းမဲပေးနိုင်ရေး၊ မဲစာရင်းများကျန်ရှိမှုမရှိစေရေးနှင့် တတိယအကြိမ်မဲစာရင်းကို ဒီဇင်ဘာ လ (၂၀) ရက်နေ့တွင် ဆက်လက်ကြေညာပေးမည်ဖြစ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ မိမိတို့တာဝန်ကျသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် တာဝန်ယူဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ခိုင်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် ရပ်ကွက်၊ ကျေးရွာများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ ပူးပေါင်းညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)