ဖြူးမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေး

ဖြူး ဒီဇင်ဘာလ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က လေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအနေဖြင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို ကလေးများအတွက် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က စည်သာယာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဝင်းမာဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့် ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပေးသွားမည့်အချက်များအား ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် MOU ရေးထိုးထားသည့် ကလေးသူငယ်နှင့်ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်နေသော Terre des hommes(T-dhl) အဖွဲ့မှ တာဝန်ရှိသူ နော်စေးထူးစောက ကလေးသူငယ်များ၏အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ​မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့နှင့် ဇေယျဝတီမြို့များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)