ရပ်စောက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ပြုလုပ်

ရပ်စောက် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို နားလည်သဘောပေါက်စေရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်နေစဉ်အတွင်း တုံ့ပြန်ဆောင်ရွက်မည့်လုပ်ငန်းအစီစဉ်များကို သိရှိနားလည်သ‌ဘောပေါက်စေရန်၊ သဘာဝဘေးအန္တရာယ်ကျ‌ရောက်ပြီးနောက် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များအား သိရှိနားလည် သဘောပေါက်စေရန်၊ မိမိနေထိုင်ရာ ရပ်ကွက်/ ကျေးရွာအတွင်း သဘာဝဘေးဖြစ်ပေါ်လာပါက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ သဘာဝဘေးဒဏ် ကြံကြံခံရင်ဆိုင်တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ သည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် ရပ်စောက်မြို့နယ်အတွင်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များတွင် ပါဝင်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များစုစုပေါင်း (၃၀) ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်