ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း MSMEs လုပ်ငန်းများ Digital နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်း၍ MSMEs လုပ်ငန်းများ Digital နည်းပညာ အသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌက  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက်  စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  Video Message ဖြင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍတွင်လည်း သီးနှံစိုက်စွမ်းအား သီးထပ်စွမ်းအားတိုးတက်ရေး၊ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအပြင် စိုက်ဧကတိုးတက်ရေးများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၌ရှိသည့် တက္ကသိုလ်သိပ္ပံအသီးသီးရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ARCCI အဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများ၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSMEလုပ်ငန်းများနှင့်ပတ်သက်၍ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနသနများ ဖော်ထုတ်ကြရမည်ဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း၊ ယနေ့အစီစဉ်သည် မျှဝေဆွေးနွေးခြင်း၊ ဒီဂျစ်တယ်နည်းလမ်းများအား လက်တွေ့အသုံးချတတ်အောင် သင်ကြားပို့ချပေးခြင်း၊ MSMEs လုပ်ငန်းများအတွက် အစီအစဉ်ကျင်းပနေစဉ်တွင်ပင် ဒီဂျစ်တယ်စနစ်များဖြင့် အကောင်အထည်ဖော်နိုင်စေရန်နှင့် နည်းပညာလိုအပ်ချက်စစ်တမ်းကောက်ယူခြင်းနှင့် အကြံပြုခြင်းတို့ကို တပြိုင်တည်းဆောင်ရွက်ပေးမည့် ထိရောက်သည့် အစီစဉ်တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ MSMES လုပ်ငန်းရှင်များကလည်း စီစဉ်ထားရှိသည့် ယနေ့တစ်နေ့တာ လှုပ်ရှားမှုများကစတင်ပြီး တက်ညီလက်ညီပူးပေါင်းပါဝင်၍ စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ဆန်းသစ်တီထွင်မှုများဖြင့် ဒီဂျစ်တယ်အခွင့် အလမ်းများကို ဖန်တီးဖော်ဆောင်ကြနိုင်ရန် အားပေးတိုက်တွန်းလိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ MSMES လုပ်ငန်းများကို ဒီဂျစ်တယ်နည်းပညာအသုံးချပြီး ဒေသထွက်ကုန်များအား ပြည်တွင်းမှသည်ပြည်ပသို့ ထိုးဖောက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထိရောက်သည့် လုပ်ငန်းစဉ်များအပေါ်အခြေခံသည့် ဒီဂျစ်တယ်လှုပ်ရှားမှုအား ပူးပေါင်းအားထုတ် ကြိုးပမ်းဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများ၊ ပံ့ပိုးဆောင်ရွက်ပေးကြသည့် ARCCI နှင့် အဖွဲ့အစည်းအသီးသီးအား အထူးပင်ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် "Ayeyarwady Digital Accelerator Program" အခမ်းအနားဖြစ်မြောက်ရေးအတွက် အထူးပံ့ပိုးပေးသည့် အဖွဲ့အစည်းမျာ။ကိုယ်စား CTZ Pay မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကာ ခင်းကျင်းပြသထားသည့် MSME လုပ်ငန်းများ၊ Digital Accelerator Program များနှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် Digital Economy Committee ဥက္ကဋ္ဌက “ဒီဂျစ်တယ်စီးပွားရေး အခွင့်အလမ်းများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် Digital Economy Committee အဖွဲ့ဝင်က “ဒီဂျစ်တယ်ရောင်းဝယ်ဖောက်ကားမှု ပလက်ဖောင်းများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် Digital Economy Committee အဖွဲ့ဝင်က "ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ့စာတိုက်မှ တာဝန်ရှိသူတစ်ဦး က "ထုတ်ပိုးသယ်ယူပို့ဆောင်ရေးစနစ်များ" ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအတွက် မဲစာရင်းတွင် ပါရှိရမည်ဖြစ်ပါကြောင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်များလည်း ရှိနေရမည်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား အချက်အလက်ပြည့်စုံစွာဖြင့် အချိန်မီနိုင်ငံသားစိစစ်ရေးကတ်များ ရရှိရေးဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင်ပါဝင်ပြီး ဆန္ဒမဲပေးနိုင်ရေး  အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်သူများ၏  စိုက်ဧကများမှန်ကန်ရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များက မြေပြင်ကွင်းဆင်းကြပ်မတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပူပြင်းခြောက်သွေ့သော ကာလကိုရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးကိုလည်း ဂရုပြုရန်လိုအပ်မည်ဖြစ်ပြီး အသိပညာပေးဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ‌အောင်ချက်မြင့်မားရေးအတွက် တာဝန်ရှိသူများအပြင် မြို့မိမြို့ဖများကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်၊ Grade-11, Grade-12 တွင် ပညာသင်ကြားနေသော အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ မဲစာရင်းတွင်ပါရှိရေး၊ မဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး ဌာနမှူးက Grade-11, Grade-12 တွင် ပညာသင်ကြားနေသော အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသည့် ကျောင်းသား/ကျောင်းသူများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည့် အခြေအနေအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)