ကျောက်ဖြူ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဒီဇင်ဘာ (၁၅)ရက်တွင်ကျရောက်သည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာရထားဆွဲပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၂ ရက်ကစတင်၍ အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများ၊ ရခိုင်ရိုးရာ ရထားဆွဲပြိုင်ပွဲများကို ကျင်းပရာ အခမ်းအနားအား ရခိုင်စည်တော်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ချစ်ကြည်ရေးရထားကြိုးစမ်း၍ အခမ်းအနားအား ဖွင့်လှစ်ပေးသည်။ ယင်းနောက် ရထားဆွဲပြိုင်ပွဲအား စတင်ကျင်းပရာ မြို့ပေါ်ရပ်ကွက်များမှ အသင်းများ၊ ဌာနဆိုင်ရာ အသင်းနှင့် မြို့မဈေးအသင်း စသည့် ပြိုင်ပွဲဝင် ရထားဆွဲအသင်း(၁၄)သင်းတို့သည် အုပ်စုရှုံး/ထွက် အနေဖြင့်စတင်ယှဉ်ပြိုင်ကြသည်။
ကျောက်ဖြူမြို့တွင် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ခေါင်းအုန်းရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ရခိုင်ရိုးရာ ရထားဆွဲပွဲများအပြင် ညပိုင်းစတိတ်ရှိုးကဏ္ဍတွင်လည်း နိုင်ငံကျော်အဆိုတော်များ၊ ရခိုင်အဆိုတော်များ၊ ဒေသခံအဆိုတော်များဖြင့် ဒီဇင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)