သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Woman Club) အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

သဲကုန်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူ (Book Club )၊ (Woman Club) အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ခင်စောတင့်ရေးသားထားသည့် “အိုမင်းရင့်ရော်ခြင်းကို လျော့နည်းနိုင်မည့် လျှို့ဝှက်ချက်များနှင့် ကျန်းမာရေးနည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လှလှရွှေက အဖွင့်အမှာစကား ပြောကြားရာတွင် စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုများ တိုးပွား၍ စာပေချစ်သူများ တစ်ဦးနှင့်တစ်ဦး ပြန်လည်မျှဝေခြင်းဖြင့် ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ​ဆောင်ရွက်ရ​ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ဘဝသာယာဖို့ဒါတွေလိုပါတယ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ​ကျက်သရေရှိစွာ အိုကြပါ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသက်မသာဖြစ်ရခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလှလျှို့ဝှက်ချက်များ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အရိုးပွရောဂါ သတိရှိပါ ခေါင်းစဥ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ထပ်မံဖြည့်စွက်၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)