ငဖဲမြို့နယ်၌ မိုးစပါး (၈၄၅၆) ဧကကျော်ရိတ်သိမ်းပြီးစီးပြီဖြစ်

ငဖဲ ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌  ၂၀၂၅ ခုနှစ်တွင် ဒေသတွင်းဆန်စပါးဖူလုံစေရေး အတွက်စိုက်ပျိုးခဲ့သော မိုးစပါး ၈၄၅၆ ဧက ကျော်ရိတ်သိမ်းပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စပါး (၁၀၃၇၃) ဧကစိုက်ပျိုးနိုင်ခဲ့ကာ အဆိုပါ စိုက်ပျိုး ထားသောစပါးစိုက်ခင်းများကို အောက်တိုဘာလကုန်တွင် တောင်ယာစပါးများ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ (၈၄၅၆) ဧကကျော် ရိတ်သိမ်းပြီးစီးပြီး တစ်ဧကလျင် (၈၅) ဒသမ (၂၇) တင်းခန့် ထွက်ရှိကြောင်း သိရသည်။

“ယခုနှစ်မိုးရာသီမှာ ငဖဲမြို့နယ်အတွင်း မိုးစပါး (၁၀၃၇၃) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မိုးစပါးများ လျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် အစိုးရဆည်ရေ၊ ဆည်ငယ်ကန်ငယ်များနှင့် မိုးကောင်းသောက်ရေများဖြင့် ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ အဲဒီမိုးစပါးတွေကို ရိတ်သိမ်းခြွေလှေ့နေကြပြီး ယနေ့ထိ (၈၄၅၆) ဧကကျော် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီး ရိတ်သိမ်းခြွေလှေ့ရာမှာ စပါးရိတ်သိမ်းစက်နဲ့ ခြွေလှေ့တာရှိသလို မိရိုးဖလာ ကောက်ရိတ်သိမ်းပြီး တလင်းတွင်စုပုံပြီး ရိတ်သိမ်းကြတာရှိပါတယ်။ မိုးစပါးများအထွက်နှုန်းကောင်းမွန်ဖို့အတွက် ဆည်ရေကို အပြည့်အဝပေးနိုင်ခဲ့ပြီး အခုမိုစပါးများ မရိတ်သိမ်းခင် ၂ ပတ်ခန့်အလိုမှာ ဆည်ရေဖြတ်ပေးထားခဲ့ကာ အရည်အသွေးကောင်းပြီး အလေအလွင့်နည်းပါးသော သန့်စင်တဲ့ စပါးများရရှိနိုင်ရန် စနစ်တကျ ရိတ်သိမ်းခြွေလှေ့ရေးနှင့် ရိတ်သိမ်းပြီး ဆောင်ရွက်ရမည့်အချက်များကို  အသိပညာပေးဆောင်ရွက်လျက်ရှိပါတယ်” ဟု ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်သိန်းကပြောကြားသည်။

ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါး စိုက်ပျိုးရာသီတွင် အထွက်နှုန်းကောင်းမွန်သော စပါးမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေးဆိုင်ရာ နည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးစပါးများ အထွက်နှုန်းကောင်းမွန်ပါက တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံပြည်သူများအနေဖြင့် ဆန်ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)