တာချီလိတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၆-၂ဝ၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ၊ သက်တမ်းတိုးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမှ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းက လေလံတင်ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်ကိုမင်းက လေလံဆွဲဝယ်ခြင်းဆိုင်ရာ လိုင်စင်စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လေလံတင်ရောင်းချရေးအဖွဲ့ တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် BOT စနစ်ဖြင့် ဆောင်ရွက်သည့် မြို့ဝင်ဘီးကောက်လိုင်စင်များကို သတ်မှတ်ကြမ်းခင်းဈေးဖြင့် သက်တမ်းတိုးချထားပေးခြင်း၊ PPP လုပ်ငန်းများအား စာချုပ်ပါစည်းကမ်းချက်အရ သတ်မှတ်ကြမ်းခင်းဈေးဖြင့် ဆောင်ရွက်လိုပါက လိုင်စင်ချထားပေးခြင်း၊ ဆောင်ရွက်လိုမှုမရှိပါက ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခဲ့ရာအရပ်ရပ်အခွင့်အရေးလိုင်စင် ၂၅ ခုနှင့် သားသတ်လုပ်ငန်း လိုင်စင် ၂၁ ခုအား လေလံတင်ရောင်းချခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် လုပ်ငန်းလိုင်စင်လျှောက်ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)