အုတ်ဖို ဒီဇင်ဘာ ၁၅
တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အတွင်း စက်ကိရိယာများ အဆင်ပြေချောမွေ့စွာ မောင်းနှင်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၆) စက်မှုလယ်ယာစခန်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စက်မှုလယ်ယာဦးစီးဌာနမူး ဦးဇော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းပို့ချမည့်အစီစဉ်နှင့် သင်တန်းတက်ရောက်ရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။
သင်တန်းတွင် သင်တန်းသား(၂၅)ဦး တက်ရောက်သွားမှာဖြစ်ပြီး သင်တန်းကာလကို စာတွေ့လက်တွေ့ (၂) ပတ်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)