ရွှေတောင်မြို့နယ်တွင် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်

ရွှေတောင် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ထုတ်လုပ်ထားသော လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ မိမိမြို့နယ်အတွင်း နွေးစပါး၊ မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် စပါးလက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) (၂၀၀) ခုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးပေးအပ်ခဲ့သဖြင့် ရွှေတောင်မြို့နယ်အတွင်းရှိ တောင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း အင်အား(၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများရှိ တောင်သူများသို့ (Drum Seeder) (၂၀၀) ခုအား ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)