ပန်းတောင်းမြို့နယ်၌ ကျေးရွာများသို့သွားရောက် အခမဲ့ တီဘီရောဂါရှာဖွေ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ပန်းတောင်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ အခမဲ့တီဘီရောဂါရှာဖွေကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော် ဦးဆောင်သောအဖွဲ့မှ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကုသပေးရာတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ တီဘီရောဂါအဖြစ်များသော ကျေးရွာ/အုပ်စု များသို့သွားရောက်၍ တီဘီရောဂါသတိပြုကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပြီး တီဘီရောဂါ သံသယရှိသူများ၊ တီဘီရောဂါရှိသူနှင့်အတူ နေမိသားစုဝင်များအား (၁၅-၁၂-၂၀၂၅) ရက်နေ့မှ (၁၈-၁၂-၂၀၂၅) ရက်နေ့ထိ TB Mobile X-ray စက်ဖြင့် ကွင်းဆင်း၍ ပြည်သူများအား တီဘီပိုး ရှိ/မရှိ ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းများပြုလုပ်ကာ အခမဲ့ ကုသခြင်းနှင့်ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ရောဂါရှာဖွေကုသခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာနေ ပြည်သူများ တီဘီရောဂါရှိသူများ အစောပိုင်းရှာဖွေတွေ့ရှိနိုင်ရေး၊ တီဘီရောဂါ၏ ကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင်ရေး၊ ရောဂါရှာဖွေမှုနှင့် ကုသမှုအတွက် စရိတ်အခက်အခဲများကို လျော့ပါးစေရေး၊ ရောဂါရှာဖွေတွေ့ရှိသူများအား စနစ်တကျ ဆက်လက်ကုသနိုင်ရေး ချိတ်ဆက်ပေးနိုင်ရေး၊ ပြည်သူများအတွင်း တီဘီရောဂါအကြောင်း သိရှိနားလည်မှု တိုးတက်စေရေးနှင့် တီဘီရောဂါကြောင့် ဖြစ်ပေါ်နိုင်သော သေဆုံးမှုနှင့် နာတာရှည်ဖြစ်ပွားမှုများကို လျှော့ချရန်နိုင်ရေးတို့အတွက် ရည်ရွယ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်ထံမှ သိရသည်။

လပြည့်လင်း(ပြန်/ဆက်)