ပေါင်းတည်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းခြင်းနှင့် စက်ကိုင်မွမ်းမံသင်တန်းပို့ချ

ပေါင်းတည် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်ညှိနှိုင်းဆွေးနွေးပွဲနှင့် စက်ကိုင်မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့်သူများ၏ ပေါင်းစပ်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ စက်ကိုင်မွမ်းမံသင်တန်းအားပို့ချရာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဇေယျာဖြိုးက မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲပေးစက်တည်ဆောက်ပုံ၊ တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက်တပ်ဆင်ခင်းကျင်း၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မဲရလာဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်မှုများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသ‌သည်။

အဆိုပါ မွမ်းမံမဲပေးစက်ကိုင်သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၅၀၀ ဦး တက်ရောက်သင်ကြား နေမှုကိုမြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)