သဲကုန်း ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထိုက်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးငြိမ်းသတ်ခြင်းနည်းစနစ်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်တို့ကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ရမည့်လုပ်ငန်းများ၊ မီးဘေးအန္တရာယ်အရေးပေါ် ဖြစ်ပွားလာပါကအလျင်အမြန် ဆောင်ရွက်ရမည့် မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ယာဥ်များ အသုံးပြု၍မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများမှ မီးငြှိမ်းသတ်နည်းများအား လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကျော်(သဲကုန်း)