ပဲခူး ဒီဇင်ဘာ ၁၅
ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေသာလျာင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နှစ် (၁၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော်၊ (၃၆)ကြိမ်မြောက် ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲသို့ ဒီဇင်ဘာလ ၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က တက်ရောက်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်နှင့် အစိုးရအဖွဲ့ဝင်တို့သည် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျာင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရင်ပြင်တန်စောင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်မည့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ စေတနာရှင် ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များတို့၏ မဏ္ဍပ်အသီးသီးသို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆေးအပါအဝင် ပစ္စည်း (၁၈) မျိုးတို့အား ကြွရောက်လာသည့် သံဃာအပါး (၁၃၀)နှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးအပါး (၅၀) တို့အား လောင်းလှူပူဇော်ခဲ့ကြသည်။
ယနေ့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ စေနာရှင်ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ ပေါင်းစုအားဖြင့် ဝတ္တု၊ ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် သိန်း (၅၅၀)ကျော် လောင်းလှူပူဇော်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျာင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည်ညိုခဲ့ကြကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)