၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလလူထုအားကစားပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီဇင်ဘာအားကစားလကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်များအလိုက် ဒီဇင်ဘာလတစ်လလုံး စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲများ ဆောင်ရွက်ရာတွင် နေ့ချင်းပြီးဆုပေးနိုင်သည့် အားကစားပြိုင်ပွဲများ ထည့်သွင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြည်သူလူထုများကိုလည်း ကျန်းမာရေးအတွက် အထာက်အကူပြုသည့် ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး နှိုးဆော်အသိပေးသွားရမှာဖြစ်ကြောင်းနှင့် လမ်းလျှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာအကျိုးကျေးဇူးများစွာ ပြည့်စုံကောင်းမွန်စေသည့် စွယ်စုံရသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်၍ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဒီဇင်ဘာလအတွင်း စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပသွားမည့် လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီအလိုက် ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ကဏ္ဍအသီးသီးတင်ပြခဲ့ကြသည်။

ယင်းနောက် ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ ကျင်းပဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လူထုလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲအား ဒီဇင်ဘာလ(၆)ရက် (၁၃)ရက် (၂၀)ရက်နှင့် (၂၇)ရက်တို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ကာ နေ့ချင်းပြီး အားကစားပြိုင်ပွဲများ၊ စုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲသူအားလုံး ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်များပါရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)