လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်တွင်ကျင်းပပြုလုပ်မည်

ထားဝယ်   ဒီဇင်ဘာ ၁၅

လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်တွင်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေး အသိပညာများ၊ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေးတွင် လူငယ်များ၏ပါဝင်မှုအခန်းကဏ္ဍ၊ ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းမြှင့်တင်ခြင်းတွင်လူငယ်များ၏ အခန်းကဏ္ဍ၊ ပဋိပက္ခဒဏ်ခံရသူများအတွက် ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးဆိုင်ရာအကြံဉာဏ်များ ဖော်ထုတ်ခြင်း၊ ရယူခြင်း၊ လူမှုရေး၊ ပညာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာမြှင့်တင်ခြင်းအစီအစဉ်များ ဖော်ထုတ်ခြင်း၊ လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေးကို အားပေးသည့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစားအစီအစဉ်များ၊ စီးပွားရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ၊ စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခြေပြု စီးပွားရေးဆိုင်ရာအတွေးအခေါ်များဖော်ထုတ်ခြင်း၊ လူငယ်ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ဆိုက်ဘာ(Cyber)၊ လူမှုကွန်ရက်(Social Media)Online Security၊ ထိရောက်သော သတင်းမှန်ပြန်ကြားရေးစသည်တို့ကိုဆွေးနွေးမည်ဟု သိရကြောင်း၊ တိုင်းဒေသကြီးမှလူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေးအတွက်အကြံပြုဆွေးနွေးပေးရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က လူငယ်များကိုယ်စားလှယ်ရွေးချယ်ရေးအတွက်ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက လူငယ်များစိစစ်ရွေးချယ်စေလွှတ်နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများအားဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)