စစ်တွေ ဒီဇင်ဘာ ၁၅
(၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန်စစ်တွေမြို့သို့ ရောက်ရှိနေသည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်သမ အသင်းဖွဲ့စည်းခြင်း၊ မျိုး၊ မြေဩဇာများပံ့ပိုးပေးခြင်း၊ အသေးစားစက်မှုလက်လုပ်ငန်းဦးစီးဌာနမှ ဝင်ငွေတိုးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအပြင် သင်တန်းလွန်ကာလ သင်တန်းသားများအတွက် လုပ်ငန်းခွင်သုံးရင်းနှီးပစ္စည်းများပံ့ပိုးပေးရေး ဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေးသမအသင်းသားပိုင် လယ်ယာမြေများတွင် ရေရရှိရေးဆောင်ရွက်ခြင်း၊ ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် လမ်းများဖောက်လုပ်ပေးခြင်းစသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ဌာန(၄)ခုမှ ပူးပေါင်းဆောင်ရွက်ကြရန် စစ်တွေမြို့နယ်တွင် လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာ၌ လုပ်ဆောင်ကြရန် လုံခြုံရေးမကောင်းသည့် နေရာတွင် မလုပ်ဆောင်ကြရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာန(၄) ခုမှ ဝန်ထမ်းများအား ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)