မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံဘောင်တံတားတစ်စင်း တပ်ဆင်

​မင်းဘူး ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပစဉ်ကာလ အောက်စက်တော်ရာ(ခြေတော်ရာ)အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများ လွယ်လင့်တကူ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်စေရန် ယာယီဘေလီသံဘောင်တံတားတစ်စင်းကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်ပြီး တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ လွယ်လင့်တကူ အဆင်မြေချောမွေ့စွာ သွားရောက်ဖူးမြော်နိုင်စေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တံတားတပ်ဆင်ရာတွင် ယခင်နှစ်ကအသုံးပြုခဲ့သော တံတားအကျယ် ၁၂ ပေ ၈ လက်မ၊ အရှည် ပေ ၁၀၀ ရှိ ယာယီဘေလီသံပေါင် တံတားတစ်စင်းကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လှူဒါန်းမှုဖြင့် ဘုရားပွဲတော်ကျင်းပစဉ် ကာလတစ်လျှောက် အသုံးပြုဆောင်ရွက်သွားမည်ကြောင်း၊ တံတားတပ်ဆင်ခြင်းလုပ်ငန်းများကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ခံများကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှ စတင်ပြီး တပ်ဆင်ဆောင်ရွက်နေကာ ဘေလီသံဘောင်တံတား တပ်ဆင်ချိန်မှာ ၁၂ ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။

မန်းရွှေစက်တော်ရာ ပါဒစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၈၆)ရက်ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများကို တည်းခိုဆောင်များတွင် ညအိပ်တည်းခို နားနေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)