မြောင်းမြမြို့တွင် မဲရုံများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မြောင်းမြ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မဲရုံများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘုရားချောင်းကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဘုရားချောင်း ကျေးရွာအုပ်စု၊ စမ်းချောက်ကြီးကျေးရွာနှင့် စမ်းချောက်ကလေးရှမ်းစုကျေးရွာများရှိ မဲရုံအဖြစ် ဆောင်ရွက်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး မဲရုံပတ်ဝန်းကျင်နှင့် မဲရုံပြုလုပ်မည့်နေရာများ၌ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဗူးများထားရှိမှုနှင့် ကောင်းမွန်ခြင်း ရှိ/မရှိ၊ လျှပ်စစ်မီး သွယ်တန်းထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန်များအတွင်း ရေဖြည့်တင်းထားမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေးကြိုတင် ပြင်ဆင်ဆောင်ရွက် ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)