မြိတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက်  အသိပေးနှိုးဆော်သည့်  “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ စိုက်ထူပြီး အသိပညာပေး လက်ကမ်းစာစောင်ဝေငှ

မြိတ် ဒီဇင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒီဇင်ဘာ(၂၈)ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး  ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ(၃)ခုကို လူစည်ကားရာ နေရာများဖြစ်သည့် ကမ်းနားလမ်း ပုလဲရတနာခန်းမအရှေ့၊ မြန်မာ့စီးပွားရေးဘဏ်အရှေ့နှင့် ဂေါက်ကွင်းလမ်းဆုံမီးပွိုင့် ပုလဲမွန်ဟိုတယ်အရှေ့တို့တွင် ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြသည်။

“ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို ခရိုင်/မြို့နယ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဌာနဆိုင်ရာများနှင့်လူမှုရေး အသင်းအဖွဲ့ဝင်များ က လမ်းသွားလမ်းလာများကို ဝေငှပေးကြသည်။

“ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာတွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဆောင်ပုဒ်ကို အဓိကထားကာ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်နှင့် ဒို့အတူတူ မဲပေးကြမယ်ဖော်ပြပါရှိပြီး  အသိပညာပေးလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ် ဆီသို့ဆောင်ပုဒ်ဖြင့် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ အချက်(၄)ချက်ပါဝင်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)