လားရှိုး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး ရည်ရွယ်၍ ရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လားရှိုးမြို့နယ် မန်ဆူခရီးသည် ပို့ဆောင်ရေးယာဉ်ဝင်းအတွင်းနှင့် မြို့မဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှ လွဲ၍အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်သည် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်စသည့် အသိပညာပေးလက်ကမ်းစာစောင်များအား မန်ဆူခရီးသည်ပို့ဆောင်ရေး ယာဉ်ဝင်းအတွင်းရှိ ယာဉ်မောင်းများနှင့် ခရီးသည်များ၊ မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများလက်ဝယ်သို့ အများပြည်သူပိုမိုမဲပေးနိုင်ရေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)