ပျော်ဘွယ်မြို့နယ်တွင် မဲရုံအဖြစ် ဆောင်ရွက်မည့်နေရာများအား စစ်ဆေးခြင်းနှင့် “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များဖြန့်ဝေ

ပျော်ဘွယ် ဒီဇင်ဘာ ၁၆

ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဌာနဆိုင်ရာများ။ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်သည့်အဖွဲ့သည် မြို့နယ်အတွင်း မဲရုံအဖြစ်ကျင်းပ ပြုလုပ်မည့်နေရာများနှင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ(၂)နာရီခွဲက ဘတ္တကျေးရွာ အုပ်စုအတွင်းရှိကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများပါဝင်သောအဖွဲ့သည် ဘတ္တကျေးရွာအုပ်စုတွင် မဲရုံအဖြစ်ကျင်းပပြုလုပ်မည့် အဆောက်အဦနှင့် အနီးဝန်းကျင်နေရာများ မီးဘေးလုံခြုံရေးစစ်ဆေးပညာပေးခြင်း ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရန် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သောအဖွဲ့သည် ပြည်သူအာလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရန်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်း မရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ဟူသော အချက်များပါဝင်သည့် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြပြီး ဈေးအရောင်းဆိုင် နံရံများတွင် ကပ်ထားကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)