ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးဖွင့်လှစ်သည့် ခေါင်းစည်းဆံညှပ် အလှဆင်ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပုဇွန်တောင် ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ တိုင်းဒေသကြီးရုံးအစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ခေါင်းစည်းဆံညှပ် အလှဆင်ပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌဒေါ်နှင်းဇာခြည်ဦး၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင်မှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မော်မော်သန်းက အမှတ်တရလက်ဆောင်ပေးအပ်ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကိုကြည့်ရှု၍ ရင်းနှီးစွာအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါခေါင်းစည်းဆံညှပ်သင်တန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၄ နာရီခွဲအထိ  သင်တန်းနည်းပြဆရာမ ဒေါ်စန်းစန်းနွဲ့မှ သင်တန်းသူ(၄၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်