ပုသိမ် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကိစ္စရပ်များ တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးမည့်အခြေအနေများနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးကိစ္စရပ်များအား ပြန်လည်ဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇရပ်လှကျေးရွာအခြေခံပညာအထက်တန်းကျောင်း (၁၃၀ပေ × ၃၀ပေ) RC (၂)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဇရပ်လှ-ပျဉ်းမချောင်းလမ်းပိုင်းပေါ်ရှိ ဝံသာရိုး (ဒုတ်ရိုက်) တံတား သံကူကွန်ကရစ်ယက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ Bored Pile Foundation၊ တံတားအရှည် (၅၀ပေ)ရှိ ဝံသာရိုးတံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီရေး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နတ်ကန်ကျေးရွာနှင့် ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားသော သံကူကွန်ကရစ်ယက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ တံတားအရှည်(၃၀၀)ပေရှိ ဒါးကချောင်းကူး(နတ်ကန်)တံတား (စတုတ္ထပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်မီရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ အဆိုပါတံတားသည် သံကူကွန်ကရစ်ယက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ် ကမ်းကပ်ခုံ၊ တံတားအရှည်(၃၀၀)ပေ၊ တံတားခန်းဖွဲ့စည်းပုံ(၆၀ပေ) ၅ ခန်း၊ တံတားအကျယ် (၂၀)ပေ၊ ရေလွတ်ကင်းလွတ်အမြင့်(၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ်(၄၈)ပေ၊ ယာဉ်သွားလမ်း အကျယ်(၁၈)ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျင်(၁)ပေစီ၊ ခွင့်ပြုယာဉ်အလေးချိန် (၃၆) တန်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
လှမင်းထွဋ်