ရပ်စောက်မြို့နယ်တွင် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချ

ရပ်စောက် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်နှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်း လိုင်စင်များကို ယမန်နေ့ နံနက် ၉ နာရီက ရပ်စောက်မြို့ ရဿဝတီခန်းမ၌ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

လေလံတင်ရောင်းချခြင်း အခမ်းအနားတွင် ရပ်စောက်မြိုနယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးသက်အောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်း လိုင်စင်များအား ဈေးပြိုင်/သက်တမ်းတိုးစနစ်ဖြင့် လေလံတင်ရောင်းချခြင်း ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။

ထို‌နောက် လေလံတင်ရောင်းချရာတွင် ရပ်စောက်မြို့နယ်စည်ပင်မှ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၂၄) ခု၏ ကြမ်းခင်းဈေး ကျပ် (၁၆၆၁.၀၀) သိန်းအပေါ် လေလံရောင်းချရရှိမှုကျပ် (၂၆၆၈.၀၀) သိန်းကိုလည်းကောင်း၊ အင်တောမြို့နယ် ခွဲစည်ပင်မှ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၅) ခု၏ကြမ်းခင်းဈေးကျပ် (၃၆၈.၀၀) သိန်းအပေါ် လေလံရောင်းချရရှိမှု ကျပ် (၃၈၂.၀၀) သိန်းကို လည်းကောင်း၊ ရပ်စောက်မြို့နယ်စည်ပင်မှ သားသတ်လိုင်စင် (၁၆) ခု၏ ကြမ်းခင်းဈေးကျပ် (၂၆၄၇.၀၀) သိန်းအပေါ် လေလံ‌ရောင်းချရရှိမှုကျပ် (၂၇၆၂.၀၀) သိန်းကို လည်း‌ကောင်း၊ အင်တောမြို့နယ်ခွဲစည်ပင်မှ သားသတ်လုပ်ငန်းလိုင်စင် (၆) ခု၏ ကြမ်းခင်းဈေးကျပ် (၄၇၇.၀၀)သိန်းအ‌ပေါ် လေလံရောင်းချရရှိမှုကျပ် (၅၃၀.၀၀) သိန်းပိုလည်းကောင်း၊ ရပ်စောက်မြို့ဝင် ဘီး‌ကောက်လိုင်စင်အား စိုးလွင်အောင်ကုမ္ပဏီမှ သက်တမ်းတိုးစနစ်ဖြင့် ကြမ်းခင်းဈေးကျပ် (၁၀၃.၀၀) သိန်း အပေါ်လေလံရောင်းချရရှိမှုကျပ် (၁၀၅.၀၀) သိန်းဖြင့် ရောင်းချရရှိခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)