ပခုက္ကူ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ စစ်ဆေးရေးမှူး ဦးအောင်ဇင်ဝင်းက မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်မှတ်ပုံပြုလုပ်ပေးခြင်း၊ မော်တော်ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းမြတ်က ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ယာဉ်စည်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် သိရှိလိုသည်များ မေးမြန်းကာ ပြန်လည်ဆွေးနွေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)