ငဖဲ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် မြန်မာစာစွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ မြန်မာစာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား/သူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ စာဖတ်သည့်အလေ့အကျင့်ရှိစေရန် ဆောင်ရွက်ရမည့်အချက်များနှင့် ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က ပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာမူလတန်းဆင့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade- 4 ကျောင်းသား/သူ (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူ (၃)ဦးကို တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများပေးအပ်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)