စေတုတ္တရာ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ကြီးမှူး၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းများကို အလယ်ပုံကျေးရွာအုပ်စု အောက်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက်၏ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဦးသိန်းလင်းနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး မီးငြှိမ်းသတ်ခြင်းအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသ၍ခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲသို့ စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အောက်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)