ပွင့်ဖြူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာသစ်ကုန်းကျေးရွာအုပ်စု၊ မဲရင်းကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မဲရင်းကျေးရွာရှိ ကျေးရွာတာဝန်ရှိသူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် စီမံကိန်းအသင်းသား၊ အသင်းသူများကိုတွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့်အချက်များနှင့် စီမံကိန်းလက်စွဲစာစောင်ပါ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက စီမံကိန်းစက်ဝန်း ကာလသတ်မှတ်ချက်များ၊ စီမံကိန်းချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ချေးငွေပြန်လည်ပေးဆပ်ရမည့်အတိုးနှုန်းထားများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက မဲရင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆက်လက်လည်ပတ်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၈ ဦးကို ငွေကျပ် ၃၄ ဒသမ ၈ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၀ ဦးကို ငွေကျပ် ၂၀ ဒသမ ၇ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၉၈ ဦးကို ရန်ပုံငွေကျပ် ၅၅ ဒသမ ၅ သန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)