ချမ်းအေးသာစံ ဒီဇင်ဘာ ၁၇
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပထမပိုင်း၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီများဖွဲစည်းပြီး ကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေချထားပေးပြီး ဖြစ်ပါကြောင်း၊ အခမ်းအနားကို ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက် ၄ နာရီ ၂၀ မိနစ်တွင် အလံတင်အခမ်းအနားနှင့် ၇ နာရီတွင် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များကဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများအပေါ် ယခုဆောင်ရွက်သည့်လုပ်ငန်းများပေါ်တွင် အားနည်းချက်များမရှိစေရေး အထူးဂရုစိုက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ဒုတိယပိုင်း၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်သစ်ကူးပြောင်းခြင်းကို နိုင်ငံသူနိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုခြင်းအထိမ်းအမှတ် ပျော်ရွှင်ဖွယ်ရာများနှင့်အတူ ကြိုဆိုကြပါကြောင်း၊ မန္တလေးမြို့တွင် နှစ်သစ်ကူးကြိုဆိုခြင်း၏ အနှစ်သာရကို မန္တလေးမြို့သူမြို့သားများ၊ ပြည်သူလူထုအား မြူးကြွသည့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်မည့် အစီစဉ်များ၊ နှစ်သစ်ကူး Countdown ကို အတူရေတွက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်းနှင့် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်အစီအမံများအား အသေးစိတ်ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)