မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျောက်ဆည်မြို့ မဲရုံများနှင့် မဲပေးစက်များအသင့်ပြင်ဆင်မှု ကြည့်ရှုစစ်ဆေး

ကျောက်ဆည် ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်မြို့နယ် သင်တောင်းကျေးရွာအုပ်စု ရွှေသိမ်တော်ဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီခွဲက ကျေးရွာပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူများအနေဖြင့် မဲစာရင်းတွင်မိမိတို့၏အမည် စာရင်းများပါရှိစေရေး ကြည့်ရှုရန်၊ မှတ်ပုံတင်မရှိသေးသူများအား မှတ်ပုံတင်ပြုလုပ်ပေးရန်၊ မဲပေးရမည့် နေ့ရက်တွင် မဲရုံသို့လာရောက်၍ မဲပေးကြရန် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်တာဝန်ရှိသူများသည် သင်တောင်းကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)နှင့် မြေကြည်လင်ရပ်ကွက်၊ အထက(၃)၌ ပြုလုပ်ထားသည့် မဲရုံအမှတ်(၁) ခင်းကျင်းပြင်ဆင်ထားရှိမှုကို သွားရောက်၍ မဲရုံဥပဓိရုပ်ကောင်းမွန်မှု ရှိ/မရှိ၊ မဲရုံအတွင်းရှိဆန္ဒပြုခန်း အလင်းရောင်ရရှိရေး ဆိုလာမီးအိမ်များ ပြင်ဆင်ထားရှိရန်၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များထားရှိသည့် မြို့တော်ခန်းမ၌ လုံခြုံရေးစုဖွဲ့ထားရှိမှုနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)