ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မောင်သာချိုရေးသားသည့် "စိတ်ကစားခဲ့စဉ်က အရိပ်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေ အကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးအေးမြင့်က "နောက်ဆုံးလမ်းက ပန်းဦးတစ်ပွင့်" အကြောင်းကိုလည်းကောင်း၊ Book Club အဖွဲ့ဝင်‌ ဒေါ်လေးလေးနွယ်က ''လှေက ကျွန်မ မြစ်က အကို" အကြောင်းနှင့် Book Club အဖွဲ့ဝင် ဒေါ်အေးအေးသိန်းက "လျှောက်ဖို့ခက်တဲ့ လမ်းကလေး'' အကြောင်းတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)