ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

လိပ်သို  ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ကြည်လွင်မြင့် (မုဒြာ) ရေးသားသော “မျက်နှာသစ်ပြီးမှ သွားတိုက်ပါနှင့် နေ့စဉ်ဘဝနေထိုင်နည်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် မိမိဘဝတွင်‌ကြုံ‌တွေ့ရသောကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည် ပိုကောင်းလာခြင်း၊ ဦး‌နှောက်အတွင်း မတူညီတဲ့ အစိတ်အပိုင်းများကြားဆက်သွယ်မှု အသစ်များရရှိစေနိုင်ပြီး အာရုံခံမှုကောင်းလာခြင်းတို့ကြောင့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသူ နော်မိုးစန္ဒာက “ကျန်းမာအောင် ဘာတွေစားကြမလဲ” ခေါင်းစဉ်အောက်မှ “လူ့ဘဝသက်တမ်းစေ့နေနိုင်ရေး၊ ကျန်းမာစွာနေနိုင်ရေးအတွက် အစားအသောက်များကိုမစားမီ စစ်ဆေးပြီးမှသာ စားသုံးသင့်ကြောင်း၊ သဘာဝထက် ပို၍ကြီးထွားသော အသီးအနှံများကို အရသာရှိတိုင်း၊ အရောင်လှတိုင်း မစားသုံးသင့်ကြောင်း၊ အသီးအနှံ၊ အစားအစာများကို မချက်ပြုတ်မီ ရေဖြင့် နှစ်ထပ်သုံးထပ် စင်ကြယ်စွာဆေးပြီး အရောင်ပြယ်သွားလျှင် မစားသင့်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ကြည်လွင်မြင့် (မုဒြာ) ရေးသားသော “မျက်နှာသစ်ပြီးမှ သွားတိုက်ပါနှင့် နေ့စဉ်ဘဝနေထိုင်နည်းများ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများစွာ ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း