တွံတေး ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဗျောက်ရိုးကျေးရွာအုပ်စု၊ ဗျောက်ရိုးကျေးရွာ၌ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို ယနေ့ညနေ ၆ နာရီက ဗျောက်ရိုးကျေးရွာ လယ်ကွင်းပြင်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းကြွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်နေစဥ် ဖားစည်တီးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် ကရင်ယဥ်ကျေးမှုစာပေဥက္ကဋ္ဌ ဦးစောဟိုက်စင်းက ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့၊ ယဥ်ကျေးမှု၊ စာပေအကြောင်း၊ ကရင်တိုင်းရင်းသားများအတွက် နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းများ၏ ရည်ရွယ်ချက်များအကြောင်း၊ ကရင်ရိုးရာပွဲတော်ကို မျိုးဆက်သစ်လူငယ်များက ရှေးဘိုးဘွားတို့၏ ရိုးရာအစဉ်အလာအတိုင်း ယဉ်ကျေးမှုအမွေအနှစ်များမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်တိုင်းရင်းသား၊ တိုင်းရင်သူများက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာအက၊ ကရင်ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ကရင်ဒုံးယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခဲ့ပြီး ပျော်ပွဲရွှင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် အသင်း (၂၀) သင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး အခြားအားကစားနည်းမျိုးစုံနှင့် စျေးရောင်းပွဲတော်ကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို တွံတေးမြို့နယ်ကိုယ်စား ဗျောက်ရိုးကျေးရွာ၌ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)