မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ (အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မြစ်သား ဒီဇင်ဘာ ၂၀          

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ ပြည်သူများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာ ရေးဆရာမများနှင့် သားဖွားဆရာမများက(အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ကုသ‌ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများက ကျန်တောကျေးရွာအတွင်းရှိ‌ အ‌‌ထွေထွေ‌ရောဂါလူနာများ၊ ကိုယ်ဝန်ဆောင်နှင့် သားဖွားမီးယပ်လူနာများ၊ အရိုးအကြောနှင့်ပတ်သက်သည့်လူနာမျာ၊ ကလေးငယ်များအပါ အဝင်လူနာ ၉၇ ဦးအား ကျန်းမာရေးစောင့်‌ရှောက် ကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးရွာနေပြည်သူများ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် သောက်သုံးရေကန်များ၊ ရေအိုများ၊ ဘုရားပန်းအိုးများ၊ ကားတာယာများ၊ အိုးခွက်များ စသည့်ခြင်ခိုအောင်းနိုင်သည့် နေရာများတွင် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိမ်ခြေ ၃၆ အိမ်အတွက် ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)