ကော့မှူး ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် (၁၈)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့သစ်ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ အ.ထ.က(ကော့မှူး)မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီနာယက ဦးအောင်မျိုးသန်း၊ မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သက်တို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ အသက်(၈၀)အထက် ဆရာကြီး/ဆရာမကြီးများကို ဦးအောင်မျိုးသန်းက ဂါရဝပြုကန်တော့ငွေများပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူဟောင်းများက ဆရာကြီး/ဆရာမကြီးများကို ဂါရဝပြုကန်တော့ငွေများပေးအပ်ခဲ့ကြသည်။
ထို့နောက် ကန်တော့ခံဆရာ၊ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ကျောင်းသား/ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံဆရာကြီး ဦးထွန်းခိုင်နှင့်ဆရာမကြီး ဒေါ်ခင်စန်းမြင့်တို့က ဆုံးမဩဝါဒဆုတောင်းမေတ္တာစကားများ ပြောကြားကြသည်။
ကော့မှူးမြို့နယ်တွင် (၁၈)ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲတွင် အသက်(၈၀)နှစ် အထက်အငြိမ်းစား ဆရာကြီး ဆရာမကြီး(၁၅)ဦးတို့အား တစ်ဦးလျင်ပူဇော်ကန်တော့ငွေ ကျပ်တစ်သိန်းငါးသောင်းကျပ်၊ အသက်အသက်(၇၀)အထက် (၁၁၆)အား ပူဇော်ကန်တော့ ငွေတစ်သိန်းကျပ်တို့ဖြင့် စုစုပေါင်း ဆရာကြီး/ဆရာမကြီး(၁၃၁)ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူဟောင်းများ ကိုယ်စားမြတ်ဆရာ ပူဇော်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းထွန်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး (၁၇)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ငွေစာရင်းရှင်းတမ်းကို မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)