ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃)ကျောင်းတွင် သူနာပြုအတတ်ပညာများ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး သင်တန်းဆင်း သူနာပြု ဆရာ/ ဆရာမများသည် ယခုအချိန်တွင် နေရာဒေသသီးသီးတွင် တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့ အကျိုးကိုထမ်းဆောင်နေကြပြီဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မိမိအသက်ကိုပဓာနမထားဘဲ ကျန်းမာရေးလုပ်ငန်းများကို ရှေ့တန်းကျကျ ဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ မိမိတို့ကျရာဒေသများ၌ တာဝန်ထမ်းဆောင်ကြသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာများအား အရင်းခံ၍ ကျန်းမာရေးလုပ်ငန်းအား ထဲထဲဝင်ဝင်ဖြင့် လူနာများအား မိမိတို့ တတ်မြောက်ထားသည့် ကျန်းမာရေးအတတ်ပညာများဖြင့် အစွမ်းကုန်ပြုစုရန်လိုပါကြောင်း၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအတွက် မိမိတို့တာဝန်ကျသည့် နေရာဒေသတွင်လည်း ပြည်သူများအပေါ် စေတနာအရင်းခံထားပြီး မိမိတို့၏ သွေးသားရင်းများသဖွယ် ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် နွေးထွေးစွာပြုစု စောင့်ရှောက်ပေးကြရန်လည်း မှာကြားလိုပါကြောင်း၊ သာမန်လူများ၊ သာမန်စိတ်ဓာတ်များနှင့် မလုပ်နိုင်သော သူနာပြု-သားဖွား အလုပ်ကိုဂုဏ်ယူစွာ၊ကျေနပ်စွာဖြင့် အကောင်းဆုံးလုပ်ဆောင်သွားကြရန်နှင့် ကောင်းမွန်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းသွားကြပါလို့ အထူး တိုက်တွန်းလိုပါကြောင်း၊ သူနာပြုများရဲ့ အဓိကတာဝန်ဟာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပေးခြင်းဖြစ်တာကြောင့် မည်သည့်အခြေအနေမျိုးမှာမဆို လူနာများကို ပစ်ပယ်ထားခြင်းမပြုဘဲ ပြုစုစောင့်ရှောက်ကြဖို့ အထူးမှာကြားလိုပါကြောင်း၊ သူနာပြု-သားဖွားများဟာ နိုင်ငံတော်ရဲ့ လိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှာ ဖြည့်တင်းလုပ်ကိုင်ရင်း မိမိတို့ကိုယ်ကို မိသားစု၊ ပတ်ဝန်းကျင်နဲ့ပြည်သူလူထု တစ်ရပ်လုံးအတွက် အလုပ်အကျွေး ပြုပြီး ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဦးဆောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တာဝန်ရှိသူများက ပုသိမ်မြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ နဝမအကြိမ်သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားတွင်သင်တန်းသားသင်တန်းသူ (၈၉) ဦးတို့အားသူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အရှေ့ကိုးသိန်း(၂)လမ်းနှင့် (၃)လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးချုပ်သည် တာဝန်ရှိသူများအတူနှင့် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပြည်သူပူးပေါင်းဆောင်ရွက်သောလမ်းဖြစ်ပြီးအမှတ်(၃) ရပ်ကွက်၊ အရှေ့ကိုးသိန်း(၂)လမ်းသည် လမ်းအရှည် ၅၀၀ပေ၊ အကျယ် ၁၂ ပေ နှင့် ထု၆လက်မရှိပြီး အရှေ့ကိုးသိန်း(၃)လမ်းသည် လမ်းအရှည် ၆၂၂ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မ ရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)