ဖယ်ခုံ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ပြန်လည်ဖွင့်လှစ်သည့်အခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်ကက ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် မြန်မာ့စီးပွားရေးဘဏ် (ရှမ်းပြည်နယ်ရုံး) မှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မျိုးထွန်းက ဖယ်ခုံမြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၃-ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစတင်၍ ဘဏ်ခွဲကို ယာယီပိတ်သိမ်းခဲ့ရကြောင်း ယခုအခါ ဖယ်ခုံမြို့ကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ပြီး ဒေသတွင်း တည်ငြိမ်လာပြီဖြစ်သည့်အတွက် ယနေ့မှစ၍ ဘဏ်ခွဲကို ပြန်လည်ဖွင့်လှစ်ပြီး ဒေသတွင်းတာဝန်ထမ်းဆောင်လျက်ရှိကြသော တပ်မတော် တပ်ရင်း/တပ်ဖွဲ့နှင့် နိုင်ငံဝန်ထမ်းများ၏ လစာနှင့်အသုံးစရိတ်များထုတ်ယူခြင်း ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများ ထုတ်ယူခြင်း၊နိုင်ငံတစ်ဝန်း ဒေသအသီးသီးသို့ ငွေလွှဲပေးပို့ခြင်း၊ ဒေသအသီးသီးမှ လွှဲပို့ငွေများအား ထုတ်ပေးခြင်း၊ ငွေစုဆောင်းအပ်နှံခြင်းနှင့် စုဆောင်းအပ်နှံငွေများအား ပြန်လည်ထုတ်ယူခြင်းအပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအား ပြန်လည်ဆောင်ရွက်ပေးပြီဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် (ရှမ်းပြည်နယ်ရုံး) မှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မျိုးထွန်းနှင့် ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖတို့မှ ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
၎င်းနောက် တာဝန်ရှိသူများက ဘဏ်ခွဲအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးနေသည့်အခြေအနေနှင့် သက်ကြီးရွယ်အို အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အားပေးစကားပြောကြားခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူလူထုနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝမ်းသာပီတိ ဖြစ်နေကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)