ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်သမ္ဗန်စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းရေး ကူညီစောင့် ရှောက်မှု ဆောင်ရွက်ပေး

ဆိပ်ကြီးခနောင်တို ဩဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီကာလ မြစ်ချောင်းများ ဒီရေတက်ချိန်တွင် စက်တပ်ရေယာဉ် (သမ္ဗန်) စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် ကူညီစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်ဂိတ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကူညီ ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ကူညီစောင့်ရှောက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝင်းသန်းတို့ ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့မှ လူငယ်များစုပေါင်း၍ ဒီရေတက်ချိန်တွင် စက်တပ်ရေယာဉ်(သမ္ဗန်ဆိပ်)၌  ရေယာဉ်ဆိုက်ရောက်/ ထွက်ခွာချိန်များတွင်  ခရီးသည်များ ရေယာဉ် အတက်/အဆင်း ပြုလုပ်စဉ် အန္တရာယ်တစ်စုံတစ်ရာ မဖြစ် ပေါ်စေရေးအတွက် ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် လူဦးရေသုံးသောင်းကျော်နေထိုင်လျက်ရှိပြီး နေ့စဉ်ခရီးသွားလာရာတွင် ရေလမ်းခရီးကိုသာ အဓိကထားသွားလာနေရခြင်းဖြစ်၍ ယခုကဲ့သို့ ဒီရေ တက်ချိန်တွင်  အန္တရာယ်မဖြစ်ပေါ်စေရေး ကူညီ စောင့်ရှောက်ပေးခြင်းဖြစ်ပြီး ယနေ့မှစ၍ ဩဂုတ်လ ၆ ရက်နေ့အထိ ဆက်လက်ကူညီစောင့်ရှောက် ပေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)