မြိတ် ဩဂုတ် ၅
မြန်မာ့ငါးလုပ်ငန်းရေပြင် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ငါးဖမ်း/ငါးသယ်ရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် ရေလုပ်သားများအတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ဩဂုတ်လ (၅) ရက် နံနက် (၉) နာရီက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် တတိယအကြိမ် ဖွင့်လှစ်ပို့ချခဲ့သည်။
သင်တန်းတွင် ပင်လယ်ပြင် ငါးဖမ်းရေယာဉ်ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေစဉ် ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေး၊ ငါးလုပ်ငန်းဆိုင်ရာဥပဒေများအကြောင်း၊ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာနှင့်ပတ်သက်သည့် ညွှန်ကြားချက်များ၊ လုပ်ငန်းခွင်တွင် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများ၊ ရေယာဉ်များတွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ စသည်တို့ကို ဌာနဆိုင်ရာများ၏ ရေလုပ်သားများနှင့် သက်ဆိုင်သည့်ဘာသာရပ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
သင်တန်းကို မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းနောင်ဦးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းစတင်ခဲ့သည်။ သင်တန်းတွင် ရေလုပ်သား (၅၅) ဦး တက်ရောက်ခဲ့ကြကာ ဩဂုတ်လ (၅) ရက်မှ (၆) ရက်နေ့အထိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းတို့မှ ဆွေးနွေးပို့ချပေးသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းကို တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ် ၊ ကော့သောင်းနှင့် မြိတ်မြို့တို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )