သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

သရက်ချောင်း ဒီဇင်ဘာ ၂‌၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါကာယစွမ်းရည်ပြိုင်ပွဲ၌ မူကြိုကလေးများအား အကြီးတန်းအဆင့်ပြိုင်ပွဲတွင် လက်ဆင့် ကမ်းအပြေး၊ အင်္ကျီဝတ်၊ ရေခွက်စီ၊ စကောရွက်၊ ခေါင်းအုံးစွပ်၊ ကြိုးသီ၊ အရောင်ရွေးပြိုင်ပွဲ များဖြင့်လည်းကောင်း၊ အငယ်တန်းအဆင့်ပြိုင်ပွဲတွင် အရုပ်စီး၊ အရောင်ရွေး၊ ဘော်လုံးကောက်၊ ဇွန်းကိုက်၊ အရုပ်ထောင်ပြေး၊ ကြိုးသီ၊ ကျောပိုးအိတ်လွယ်ပြေး၊ ကွမ်းသီးကောက်၊ အရုပ်ဆက် ပြိုင်ပွဲများအားကျင်းပပြုလုပ်ရာ မူကြိုကလေးငယ်များက စနစ်တကျအေးချမ်းပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးနှင့် ဆရာမများ၊ ဒိုင်အဖွဲ့ဝင်များ၊ ကလေးသူငယ် မိဘများနှင့် ရပ်မိ/ရပ်ဖများက ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ ဦးစွာသရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး/သူငယ်များ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန် ဆရာမများအနေဖြင့် စနစ်တကျသင်ကြားစေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက အခမ်းအနားသို့တက်ရောက်လာသူများအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းနှင့် အခုလို
အခမ်းအနားဖြစ်‌မြောက်အောင် ဝိုင်းဝန်းကူညီ‌ပေးကြသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ရင်သွေးငယ်များအား ဂုဏ်ပြုဒိုင်းဆုများချီးမြှင့်ကာ အခမ်းအနားရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)