ကော့သောင်းမြို့တွင် အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်ပြိုလဲကာ စာသင်ကျောင်းနှင့် နေအိမ်တစ်ချို့ပျက်စီး

 

ကော့သောင်း  သြဂုတ် ၅

ကော့သောင်းမြို့တွင် သြဂုတ်လ ၄ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်း၊ တရားစခန်းရိပ်သာနှင့် လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ က အပူပိုင်းမုန်တိုင်း “စင်လကု” (Sinlaku) အရှိန်ကြောင့် မိုးသည်းထန်ကာလေပြင်းတိုက်ခတ်သဖြင့် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ အမှတ် - ၂ အလက (ခွဲ) ၁၀၀ ပေ၊ ၃၀ ပေ ၊ ၁၅ ပေ အုတ်ကာ၊ သွပ်မိုးတစ်ထပ်ကျောင်းဆောင် ဝရံတာအမိုးနှင့် ကျောင်းအိမ်သာ ၂ ခန်းတွဲ အမိုးများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျောင်းအနီးရှိ လူနေအိမ်ခန်းတွဲ (၁) ဆောင်တို့တွင်လည်း အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ အေးမြကန်သာရပ်ကွက်ရှိ သဲအင်းဂူတရားစခန်း ရိပ်သာအဆောက်အဦးပေါ်သို့ အနီးနားမှ သစ်ပင်ကြီးပြိုလဲသဖြင့် ကျောင်းဆောင်အုပ်ကျွပ်အမိုးများ ပျက်စီးခြင်း၊ အောင်သုခရပ်ကွက်၊ စံပယ်လမ်းရှိ အုတ်ကာ နှစ်ထပ်အိမ်တစ်ဆောင်ရှေ့ ဗာဒန်ပင်ပြိုလဲသဖြင့် အိမ်အမိုးများပျက်စီးခြင်းဖြစ်စဉ်များ ဖြစ်ပေါ် ခဲ့ရခြင်းဖြစ်ပြီး ဖြစ်စဉ်များတွင် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များဖြစ်ပွားရာသို့ ကော့သောင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ အပျက်အစီးများအား ရှင်းလင်းကူညီကယ်ဆယ်မှုလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ပေးခဲ့ကြပြီး၊ ကော့သောင်းခရိုင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် အိမ်ထောင်စုများကို ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)