မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှပံ့ပိုးငွေပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပံ့ပိုးငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်းတို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား ပံ့ပိုးငွေများကိုနေရပ်စွန့်ခွာပြည်သူများထံသို့ လက်ဝယ်အရောက်ပေးအပ် ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်နေရပ်စွန့်ခွာ ပြည်သူများတက်ရောက်ခဲ့ပြီး နေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ပံ့ပိုးငွေကျပ် (၆၀၀၀၀)နှုန်းဖြင့် လူဦးရေ (၈၀)ဦးအတွက် ၂၀၂၅ ခုနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် ကျပ်(၄၈၀၀၀၀၀) ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)