လပွတ္တာ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းသည် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းမှ ရွေးကောက်ပွဲအတွက် မဲပေးစက်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ လပွတ္တာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းညွှန့်မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခြင်း၊ လပွတ္တာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲပိုင်မှ ခရိုင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုအား ဖြည့်စွက်ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးမှုများဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် လပွတ္တာမြို့အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်ရှိ မဲရုံများသို့ ကွင်းဆင်းကြည့်ရှုလေ့လာ၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)